ဟိုပင် သြဂုတ် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Centre ခန်းမ၌ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အထ ကောင်းများနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီက ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဝင်များက စာရေးဆရာ ဖေမြင့်ရေးသားသည့် တန်ဖိုးထား အပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
၎င်းစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်တိုးတိုးမေက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာပေချစ်သူများအသင်းဝင် စာရေးဆရာမ စောငယ်ငယ်(မိုးညှင်း)က တာဝန်သိစိတ်၊ ကျေးဇူးတရားကို တန်ဖိုးထားရမည့်စိတ်၊ ကျေးဇူးသိတတ်သည့်စိတ်၊ တန်ဖိုးထားမှုနှင့် ရပ်တည်မှု မတူညီမှုများကိုလည်းကောင်း၊ ဦးမိုးဟိန်းက မိမိတန်ဖိုးထားသောအရာ၊ မိမိသစ္စာစောင့်သိ ရမည်ဟု ယုံမှတ်ထားသည့်အရာ၊ မိမိလုပ်ဆောင် ရမည့်တာဝန်၊ မိမိဘာသာ ပြဋ္ဌာန်းမိသည့် အရာများ ရှိပါကြောင်း စသည့်ဖြင့် အသီးသီးဦးဆောင် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူ စာပေချစ်မြတ်နိုးသူ အသင်း၀င်များက သိရှိလိုသည့်အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နိုင်ငံတော် အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်း ဓါတ်ပုံများ၊ နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၏ ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ချက်များနှင့် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာများ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများကို စာပေချစ်မြတ်နိုးသူ အသင်းဝင်များက လေ့လာကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။
တိုးတိုးမေ (ဟိုပင်)