မြိုင်ကြီးငူအထူးဒေသတွင် ကြွက်နားရွက်မှို စိုက်ပျိုးထုတ်လုပ်မှုနည်းပညာပေးသင်တန်း ဖွင့်လှစ်

လှိုင်းဘွဲ          ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် Greater  Mekong Subregion Agriculture and Education Development Center (GMSAEDC)နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံ ဌာနခွဲတို့ပူပေါင်း၍ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာ တိုက်ပွဲရှောင်စခန်း၌ ယမန်နေ့က ကြွက်နားရွက်မှို စိုက်ပျိုးထုတ်လုပ်မှု လက်တွေ့ပြသနည်းပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ဥက္ကဋ္ဌ ဦးစောဖိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြိုင်ကြီးငူအထူးဒေသ စိုက်ပျိုးပညာပေးရေးတာဝန်ခံ ဦးစောဖော့ဝါးက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ GMSAEDC မှစီမံကိန်း ညှိနှိုင်းရေးမှူ ဒေါ်သက်မြတ်နိုးဝေမှ စီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ လက်ထောက်ဦးစီးမှူး ဦးမျိုးမင်းစိုးက ကြွက်နားရွက်မှိုစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများအား စာတွေ့လက် တွေ့ သင်ကြားပြသပေးခဲ့သည်။

ကြွက်နားရွက်မှို စိုက်ပျိုးထုတ်လုပ်မှုနည်းပညာပေးသင်တန်းသို့ မြိုင်ကြီူငူအထူးဒေသ အေးလင်းသာယာ တိုက်ပွဲရှောင်စခန်းမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပြီး ဩဂုတ်လ (၁၇) ရက်မှ (၂၀) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။ အဆိုပါသင်တန်းကို တက်ရောက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိတိုးတက်စေရန်၊ မိသားစုဝင်ငွေတိုးပွားကာ ရေရှည်လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး သန့်ရှင်းလတ်ဆတ်အာဟာရပြည့်ဝစွာ စားသုံးရောင်းချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)