တနင်္သာရီ ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၁၁ နာရီက တနင်္သာရီမြို့နယ်၊ ရပ်ကွက်/ကျေးရွာအသီးသီးတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၆၈၄) စုအား နိုင်ငံတော်မှ (တတိယအကြိမ်)အဖြစ် ထပ်မံထောက်ပံ့ပေးအပ်သည့်ငွေ (၂၀၀၀၀) ကျပ်စီကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု (၂၆) စုတို့မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ယခု (တတိယအကြိမ်)အိမ်ထောင်စုများကို Covid-19 ကာလအတွင်း ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အိမ်ထောင်စု (၈၆၈၄) စုအတွက်ထောက်ပံ့ငွေကျပ် (၂၀၀၀၀) စီဖြင့် စုစုပေါင်းငွေ (၁၇၃၆၈၀၀၀၀) ကျပ်အား ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ၎င်းတို့ ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများထံ လက်ဝယ်အရောက် ဆက်လက်ပေးအပ်ထောက်ပံ့ပေးကြ မည်ဖြစ်ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ပေါင်း (၈၆၈၄) စုရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိန်ဝင်း(ပြန်ဆက်)