ကော့သောင်း သြဂုတ် ၁၈
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MV.BULK DRACO သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး M.T ADELAIDE သင်္ဘောပေါ်မှ သင်္ဘောသား (၁၈) ဦးနှင့် MV-NAVIOS DESTINY ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၁၄) ဦး စုစုပေါင်းသင်္ဘောသား (၄၄) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၄၄ )ဦးမှာ ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV.BULK DRACO သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးနိုင်အောင်ပါ သင်္ဘောသား (၁၄) ဦး၊ M.T ADELAIDE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးတင်ထွန်းအောင်ပါ သင်္ဘောသား (၁၈) ဦး နှင့် MV-NAVIOS DESTINY သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသက်ထွန်းဦးပါ သင်္ဘောသား (၁၄) ဦးတို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၄၄) ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁) ရက်ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)