ပုလော သြဂုတ်လ ၁၈
ပုလောမြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ များကို လက်၀ယ်အရောက်ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီခွဲက ပုလောမြို့နယ် မကျည်းကုန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က နိုင်ငံတော်မှ ကိုဗစ်ကာလ စီးပွားရေးသက်သာစေရေးအတွက် ပုံမှန်၀င်ငွေမရှိသော အိမ်ထောင်စုမိသားစု၀င် များအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တိကျမှန်ကန်စေရေးနှင့် ပြည်သူ့များလက်၀ယ်ရောက်ရှိရေး ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပြီး၊ ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးသို့ နိုင်ငံတော်ပံ့ပိုးငွေများ ထောက်ပံ့ပေးအပ်ရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ဌာနဆိုင်ရာတာ၀န်ရှိအဖွဲ့ခေါင်းဆောင် (၇) ဦးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံသို့ အိမ်ထောင်စု (၁၃၀၃၄) စုအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကိုဗစ်−၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ ပုလောမြို့နယ်တွင် ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန်ပစ္စည်း (၅) မျိုးကို အိမ်ထောင်စုပေါင်း (၉၉၂၉)စု၊ ဒုတိယအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသောအိမ်ထောင်စုများကို တစ်စုလျှင် ငွေကျပ် (၁၅၀၀၀)နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၃၁၀၅)၊ တတိယအကြိမ်တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၁၃၀၄၀) စုကို ထောက်ပံ့ပေးခဲ့ပြီး၊ ယခု စတုတ္ထအကြိမ်တွင် အိမ်ထောင်စုပေါင်း (၁၃၀၄၀) စုအတွက် ငွေကျပ် (၂၆၀၆၈၀၀၀၀) ကျပ်ကို ထပ်မံထောက်ပံ့ပေးအပ်ခြင်းဖြင့်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)