မြိတ် ဩဂုတ် ၁၈
တနင်္သာရီကမ်းရိုးတန်း မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ငါးဖမ်း/ငါးသယ် ရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ မြိတ်မြို့တွင် သင်တန်း (၄) ကြိမ်အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ရေလုပ်သား (၂၀၀) ကျော်အား သင်ခန်းစာများပို့ချပေးခဲ့သည်။
ပင်လယ်ပြင်တွင် လုပ်ငန်းဆောင်ရွက်နေကြသည့် ရေယာဉ်မှူး၊ ပဲ့နင်းများ လုပ်ငန်းခွင်၌ အမှန်တကယ် လိုအပ်သည့် သင်တန်းတစ်ခုဖြစ်ပြီး ပင်လယ်ပြင် ငါးဖမ်းရေယာဉ် ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေစဉ် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး၊ ငါးလုပ်ငန်းဆိုင်ရာ ဥပဒေများအကြောင်း၊ ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာနှင့်ပတ်သက်သည့်ညွှန်ကြားချက်များ၊ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများ၊ ရေယာဉ်များတွင်ဖြစ် ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များနှင့် ဌာနဆိုင်ရာများ၏ ရေလုပ်သားများနှင့်သက်ဆိုင်သည့် ဘာသာရပ်များကို ဆွေးနွေးသင်ကြားပို့ချပေးကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြိတ်မြို့တွင် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ရေလုပ်သား (၂၂၇) ဦးအား သင်တန်း (၄) ကြိမ်ဖွင့်လှစ်ခဲ့ကာ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ စာတွေ့လက်တွေ့ ဆွေးနွေးပို့ချပေးခဲ့ကြသည်။ ငါးဖမ်း/ငါးသယ်ရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး (၄)ကြိမ် သင်တန်းကို မြိတ်မြို့တွင် ဩဂုတ်လ (၁၆) ရက်နှင့် (၁၇) ရက်တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် သင်တန်းသား (၅၈)ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းနောင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများကပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)