ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့ဝင်များအား စွမ်းရည်မြင့်မားလာ‌စေရန် ရှာဖွေ ကယ်ဆယ်ရေး ဆင့်ပွား သင်တန်း ဖွင့်လှစ်

မြစ်ကြီးနား  သြဂုတ်  ၁၈

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနတွင် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များအား စွမ်းရည်မြင့်မားလာစေရန် ရှာဖွေကယ်ဆယ်‌ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၇) နာရီက မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး စည်းဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရသည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်မကျရောက်မီကတည်းက ကြိုတင် လေ့ကျင့်ရေး လုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေး ကျရောက်လာတဲ့အခါ အသက်စွန့်ပြီး ရှာဖွေကယ်ဆယ်ရသော လုပ်ငန်းဖြစ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက် သည့်အခါ ထိခိုက်မှုအန္တရာယ်နှင့် အသက်ဘေးအန္တရာယ် မကြုံတွေ့စေရန်အတွက် မမျှော်မှန်းနိုင်သော အခက်အခဲများနှင့် အန္တရာယ်များကြားမှ ကျွမ်းကျင်မှု၊ ကြံခိုင်မှုများကို အပြည့်အဝ အသုံးချပြီး အောင်မြင်စွာ အသက်ကယ်နိုင်ရန် ဘေးအန္တရာယ်လုံခြုံမှုအပိုင်းမှာ အဓိက အချက် (၄) ချက်ဖြစ်တဲ့ လျင်မြန်မှု၊ မှန်ကန်ထိရောက်မှု၊ ‌‌ စေ့စပ်သေချာမှုနှင့် ပြီးပြည့်စုံလုံခြုံမှု စသည့်အချက်များဖြစ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ကချင်ပြည်နယ်အတွင်း မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၀ ပြည်နှစ် သြဂုတ် (၁၇) ရက်မှ စတ်တင်ဘာ (၁၁) ရက်နေ့အထိ ရက်‌ပေါင်း (၂၆) ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ကြိုးချည်နည်းအမျိုးမျိုး၊ အထိန်းကွင်းများ အသုံးပြုရာတွင် သတိပြုရမည့် အချက်များ၊ အနိမ့်ကြိုးကူး လေ့ကျင့်ခြင်းများ၊ အမြင့်ပိုင်းဆိုင်ရာ ကြိုးတက်/ ကြိုးဆင်းခြင်းများနှင့် ခေတ်မီရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

စိန်ဝင်း(ပြန်/ဆက်)