မိုင်းပျဉ်း ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး အတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မဲစာရင်းများ တိကျမှန်ကန်စေရေး၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအဖွဲဝင် များမှလည်း လုပ်ငန်း ထိတွေ့ ဆက်သွယ်ပြီး အချင်းချင်းပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် မဲဆန္ဒရှင်စာရင်းများ မြေပြင်ရှိနှင့် ကိုက်ညီမှု ရှိမရှိ ကော်မတီများ ဖွဲ့စည်း၍ ကွင်းဆင်းစစ် ဆေးဆောင်ရွက်ရန်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းအောင်ပွင့်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ မဲစာရင်း ပြုစုခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေက လူဦးရေ စာရင်းနှင့် ပတ်သက်၍ အသက်(၁၈)နှစ်ပြည့်ပြီး မဲစာရင်းတွင် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် သူ များ အားကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစီးအရာရှိဒေါ်အေးအေးခန့်က မဲစာရင်း လာရောက် ကြည့်ရှုမှု အခြေအနေ၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) လျှောက်ထားမှု အခြေအနေ များနှင့် မဲဆန္ဒရှင် စာရင်းများအား သတ်မှတ် ရက်များတွင် ပြီးစီးဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်