မြစ်သားမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာတွင် လာရောက်ကြည့်ရှု့သူ (၄၃၈၃၆) ဦးခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ (၃၇၂၃) ဦးရှိ

မြစ်သား  ဩဂုတ်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင်  ဇူလိုင်လ (၂၅) ရက်နေ့မှ  သြဂုတ်လ (၁၄) ရက်နေ့ထိ ပထမအကြိမ် ကပ်ထားကြေညာထားရာတွင် လာရောက် ကြည့်ရှုသူဦးရေ (၄၃၈၃၆) ဦးရှိကြောင်း သိရှိရသည်။

ပထမအကြိမ် ကပ်ထားကြေညာခဲ့သည့် မဲစာရင်းများတွင် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများအား ဖြည့်စွက်လိုခြင်း၊ ကန့်ကွက်လိုခြင်းနှင့် ပြင်ဆင်လိုခြင်းများအား သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင်  သြဂုတ်လ (၁၄) ရက်နေ့အထိ သတ်မှတ်ပုံစံများဖြင့်လျှောက်ထားခဲ့ရာ မဲစာရင်း၌  မိမိအမည်စာရင်းမပါ၍ထည့်သွင်းရန် ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၂၃၁၄) ဦး၊ မဲစာရင်းတွင်  မပါဝင်သင့်သူများပါဝင်နေ၍  ပုံစံ (၄) ဖြင့် လာရောက်ကန့်ကွက်သူ (၈၂၉) ဦး၊ ကိုယ်ရေးအချက်အလက်များမှားယွင်း၍ ပြင်ဆင်ရန် ပုံစံ (၄-ဂ) ဖြင့် လာရောက်လျှောက်ထားသူ (၅၈၀) ဦး ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌  ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၁၅၄၄၁၄) ဦး ခန့်ရှိပြီး မဲရုံပေါင်း (၂၀၁) ရုံ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းနှင့် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလတွင် ထပ်မံကပ်ထားကြေညာပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးထံမှ သိရှိရသည်။

မြမြမွန်(ပြန်/ဆက်)