မြင်းခြံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို ငွေကျပ်သုံးသောင်းစီ ထောက်ပံ့ပေးမည်

မြင်းခြံ ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် “ငွေဗိုက်” အက်ပလီကေရှင်း ကို အသုံးပြုပြီး နိုင်ငံတော်မှ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမောက်ဆိုင်က “ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ အိုင်တီနည်းပညာကို အသုံးပြုပြီးတော့ “ငွေဗိုက်” ဆိုတဲ့ အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲပြီးတော့ ကိုဗစ်-၁၉ အစီအစဉ်အရ နိုင်ငံတော်မှ ငွေကျပ် ၃၀၀၀၀ ထပ်ဆောင်းထောက်ပံ့ပေးမဲ့ အစီအစဉ်ကို ကိုယ်တိုင်လျှောက်ထားစာရင်းသွင်းရမှာဖြစ်ပြီး လျှောက်ထားရမှာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နောက်ပိုင်းတွင် ထုတ်ပေးသွားမှာ ဖြစ်တယ်။ လျှောက်ထားရာတွင်အဆင်မပြေမှုများရှိပါက မြင်းခြံခရိုင် လူမှုဝန်ထမ်းရုံးကို လူကိုယ်တိုင်လာရောက်အကူအညီတောင်းခံနိုင်ပြီး ပရဟိတအသင်းများ စေတနာ့ဝန်ထမ်းများကလည်း ကူညီလုပ်ဆောင်ပေးလျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်တိုင်မလုပ်တတ်ပါက လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများအပြင် မြင်းခြံခရိုင်လူငယ်ကော်မတီ၊ We Are Family၊ B 21၊ ပန်းပျိုးလက်၊ ရွှေခြံအားမာန်၊ လူမှုအားမာန် စသည့် ပရဟိတ လူမှုရေးအသင်းအဖွဲ့များမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆေးရုံဆေးခန်းပြသထားသည့် အထောက်အထားများနှင့် အချက်လက် မှန်ကန်စွာဖြည့်သွင်းကြရမည့်အပြင် ကိုယ်ပိုင်ဘဏ်စာရင်း၊ ဖုန်းဖြင့်ငွေလွှဲစနစ် စသည့်အကောင့်များရှိပါကလည်း အတိအကျဖြည့်သွင်းပေးရမည်ဖြစ်ပြီး ဘဏ်တွင်ကိုယ်တိုင်ငွေသားထုတ်ယူနိုင်ပြီး ငွေထုတ်မည့် ဘဏ်ကို အတိအကျ ဖြည့်သွင်းပေးရမည်။ မိမိတို့တွင် ဘဏ်အကောင့်မရှိခဲ့လျှင် အမြဲတမ်းကိုင်ဆောင်သော ဖုန်းနံပါတ်မှ တစ်ဆင့် Wave Money ဖြင့် ငွေလွှဲပေးမည်ဖြစ်ကြောင်း၊ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမောက်ဆိုင်က ပြောသည်။

နိုင်ငံတော်မှ ငွေကျပ် ၃၀၀၀၀ ထပ်ဆောင်းထောက်ပံ့ပေးမဲ့အစီအစဉ်ကို ဩဂုတ်လ ၁၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်နေ့ထိ စာရင်းသွင်းလျှောက်ထားရမှာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက် နောက်ပိုင်းတွင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်စွာ(မြင်းခြံ)