ကျောက်တန်း ဩဂုတ် ၁၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိရေးနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့နှင့် ကျောက်တန်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းမြို့နယ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှေးဦးစွာ ဝန်ကြီးက မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ဆောင်ရွက် နေသော ဌာနဆိုင်ရာများအနေဖြင့် ကြုံတွေ့နေရသည့် မြေပြင်အခက်အခဲ များ လိုအပ်ချက်များကို ပံ့ပိုးကူညီနိုင်ရေးအတွက် ဆွေးနွေးတင်ပြ ကြရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရန် အတွက်ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်တန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသောင်းဝင်းက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်ထားမှု အခြေအနေများနှင့် မြေပြင်တွင်ကြုံတွေ့ရသည့် အခက်အခဲများ လိုအပ်ချက်များ ကို တင်ပြဆွေးနွေးပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက မိမိတို့ဌာနအ နေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နေမှု နှင့် လက်ရှိအခြေအနေများအား တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးမင်း တို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ညွှန်ကြားရေးမှူး ဦးစောနိုင်က အခက်အခဲများကို ကျော်လွှား ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေး ပြောကြား ရာ ဝန်ကြီးက လိုအပ်သည်များကို ပြန်လည်လမ်းညွှန် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)