သီပေါ သြဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုတွင် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ မြို့နယ်အတွင်း နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာခြင်းများ ရှိပါက အချိန်မီ သတင်းပေးပို့ကြရန်၊ ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်၍ မိမိတို့၏လက်အောက် ဝန်ထမ်းနှင့် မိသားစုများ၊ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် ကြစေရေး အသိပညာပေးလှုံ့ဆော် ဆောင်ရွက်ကြရန် စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ပထမအကြိမ်မဲစာရင်း ကပ်ထား ကြေညာခြင်းများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးက မှတ်ပုံတင် ဆောင်ရွက်သည့် ကိစ္စများနှင့် ပတ်သက်၍ လည်းကောင်း၊ အုတ်ကျင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွှေကျောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လျှပ်စစ်မီး (လမ်းမီး)ကိစ္စများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာကဏ္ဍများ အလိုက် ပေါင်းစပ်ညှိနှိုင်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၅)ရက်တစ်ကြိမ်ဖြင့် တစ်လလျှင်(၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)