မိုင်းပန် ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စု၊ ပိန်းလုံကျေးရွာသစ်၌ CERP အစီအစဉ်အရ Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း သဲဗြုန်းလမ်းခင်းခြင်းနှင့် ရေပြွန်(၃)စင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းနှင့်အဖွဲ့တို့မှ ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြေပြင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပိန်းလုံကျေးရွာသစ်တွင် ခွင့်ပြုငွေကျပ်သိန်း(၁၀၀)ဖြင့် အလျား(၆၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၃)လက်မထု သဲဗြုန်းလမ်းခင်းခြင်းနှင့် ရေပြွန်(၃)စင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်း၏(၇၉)ရာခိုင်နှုန်းကို လုပ်အားခအဖြစ် သုံးစွဲပြီး (၂၁)ရာခိုင်နှုန်းကို လုပ်ငန်းပစ္စည်းဖိုး သုံးစွဲရမည် ဖြစ်ပြီး တစ်နေ့လုပ်အားခကို ငွေကျပ်(၅၀၀၀) ရရှိကြောင်း သိရသည်။
အိရွှေစင်လတ် (ပြန်/ဆက်)