ဟားခါး သြဂုတ် ၁၇
၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဏာရန်ပုံငွေပံ့ပိုးမှုဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီများသို့ ကျောင်းပြင်ပစာပေနှင့် ယဉ်ကျေးမှုသင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကား ပြောကြားရာတွင် ချင်းပြည်နယ်အတွင်းရှိ စာပေယဉ်ကျေးမှုကဏ္ဍအတွက် ကျောင်းပြင်ပ စာပေနှင့် ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရန် တစ်မြို့နယ်လျှင် ငွေကျပ် ၁၀ သန်းစီဖြင့် မြို့နယ် စုစုပေါင်း (၉)မြို့နယ်အတွက် ကျပ်သန်း (၉၀)ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မတီများအနေဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများအတွက် လုပ်ငန်းစဉ် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကျိုးရှိစွာ အသုံးချဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းတို့က တက်ရောက်လာကြသည့် မြို့နယ် ကော်မတီများမှ တာဝန်ရှိသူများအား ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပြီးမြို့နယ် စာပေနှင့်ယဉ်ကျေးမှု ကော်မတီများကိုယ်စား ဦးလှိုင်ကျုံးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ချင်းပြည်နယ်တွင် စာပေနှင့်ယဉ်ကျေးမှုကော်မတီ အနေဖြင့် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝနှင့်မတူပီ စုစုပေါင်း မြို့နယ် (၉) မြို့နယ် ရှိကြောင်းသိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)