သီပေါ သြဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ စတုတ္ထအကြိမ် ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)စီထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက စတုတ္ထအကြိမ်မြောက်ထောက်ပံ့ပေးအပ် ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေများကို မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေး ကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ဆက်လက်၍ အဆိုပါ ကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူတို့က သီပေါမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၄၉၇၃)စုအတွက်နိုင်ငံတော်မှထောက်ပံ့ငွေ စုစုပေါင်းကျပ် ၉၉၄ သိန်း ခြောက်သောင်းကို ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြသည်။
သီပေါမြို့နယ်အတွင်း နိုင်ငံတော်မှ ပထမအကြိမ်ဖြစ်အိမ်ထောင်စု(၃၄၀၉)စုကို အခြေခံစားသောက်ကုန် ၅မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော အိမ်ထောင်စု (၁၅၆၄)စုအတွက် ဒုတိယ အကြိမ် အဖြစ် ငွေကျပ် ၁၅၀၀၀နှုန်းစီထောက်ပံ့ ပေးအပ်ခဲ့သည်။ တတိယအကြိမ်အဖြစ် ဇူလိုင်လ နောက်ဆုံး ပတ်၌ အိမ်ထောင်စု (၄၉၇၃)စုအတွက် ငွေကျပ် ၂၀၀၀၀ နှုန်းစီဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)