ကွန်ဟိန်း ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ ၂၅ ရက်နေ့ မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ထုတ်ပြန် ကြေညာပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ကြေငြာထားမှုတွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူဦးရေ(၈၃၆၉)ဦး၊ မဲစာရင်း ပုံစံများဖြင့် လာရောက်လျှောက်ထားသူ (၇၄၅)ဦး ၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်သူ (၈၆)ဦး၊ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၅၀၁)ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက်များမှားယွင်းနေသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လာရောက် လျှောက်ထားသူ (၁၄၇)ဦး ၊ ပုံစံ(၄-က)ဖြင့် လာရောက်လျှောက်ထားသူ(၁၁)ဦး ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် ကာလိမြို့အပါအဝင် ရပ်ကွက်(၁၁)ခု နှင့် ကျေးရွာအုပ်စု (၁၄)ခု တို့တွင် လက်ရှိ အချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၄၃၈၇၉)ဦး ရှိပြီး လျာထားမဲရုံအရေအတွက် (၄၄)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)