တံတားဦးမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်

တံတားဦး ဩဂုတ်  ၁၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပကြောင်း သိရသည်။ အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အခြေခံလူတန်းစား များ၏ လက်ဝယ်အရောက် ပေးပို့ရမည့်နည်းလမ်းများကို ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအတွက် တစ်အိမ်ထောင်လျှင် ငွေ (၂၀၀၀၀) ကျပ် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ဝင်ငွေနည်းပါးသည့် မိသားစုဝင်များအား အခြေခံစာသောက်ကုန် (၅) မျိုး ထောက်ပံ့ပေးခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သည့် အမှန်တကယ်အခက်အခဲရှိသော အခြေခံလူတန်းစားတွင် ငွေနည်းပါးသည့်အိမ်ထောင်စုများ အမှန်တကယ်ပေးအပ်ရန်လိုကြောင်း တင်ပြထားရှိသည့် အိမ်ထောင်စုစာရင်းအတိုင်း ထောက်ပံ့ပေးကြရန်လိုအပ်ကြောင်း ပြောကြားပြီး တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

တံတားဦးမြို့နယ်အနေဖြင့် ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၁) အုပ်စုအတွက် တစ်အိမ်ထောင်လျှင်ငွေကျပ် (၂၀၀၀၀) ကျပ်ဖြင့် အိမ်ထောင်စုဝင် (၂၁၇၈၅) စုအတွက် ငွေကျပ် (၄၃၅၇) သိန်းတိတိကို တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲတင့်(တံတားဦး-ပြန်ဆက်)