မြဝတီမြို့တွင် ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မြဝတီ ဩဂုတ် ၁၇

ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြဝတီမြို့ရှိ စုပေါင်းရုံး၌ ယမန်နေ့ကကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါသည် ကိုယ်အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှုရခက်ခဲခြင်းစသည့် လက္ခဏာများသည် ရာသီတုပ်ကွေးလက္ခဏာများနှင့် ဆင်တူသောကြောင့် အဆိုပါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် လိုအပ်ကြောင်းကိုလည်း အသိပညာပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် လက်ကိုရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောခြင်း၊ အခြားသူများနှင့် အနည်ဆုံး ၆ ပေအကွာမှ စကားပြောဆိုဆက်ဆံခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများကို အပြင်ထွက်သည့်အချိန်၊ အခြားသူများနှင့်ပြောဆို ဆက်ဆံသည့်အချိန်တွင် စနစ်တကျတပ်ဆင်အသုံးပြုခြင်း၊ ကောလဟာလသတင်းမှားများကို လုံးဝမယုံမိစေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံပိုင်မီဒီယာများမှ သတင်းများ၊ လမ်းညွှန်ချက်များကိုသာ ယုံကြည်လိုက်နာစေခြင်းတို့ ပါဝင်သည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)