ငါန်းဇွန်မြို့နယ်၌ (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မိုးစပါးစိုက်ပျိုး

ငါန်းဇွန် ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ဘုရားထူးကျေးရွာ ကွင်းအမှတ် (၉၁၉)၊ ဦးပိုင်အမှတ်-၁၆၊ တောင်သူ ဦးကိုင်းလွင်၏ စိုက်ကွက်တွင်  စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီက (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မနောသုခစပါးမျိုး မိုးစပါး (၃) ဧက စိုက်ပျိုးကြရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်း၍ ရင်းရင်းနှီးနှီးအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း၍ ရင်းရင်းနှီးနှီးအားပေးကြရာတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဆန်းဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မိုးမြင့်တို့က ကွင်းဆင်းကြည့်ရှုအားပေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒေသခံတောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးလာစေရန်၊ မိမိကိုယ်တိုင်မျိုးထုတ်လုပ်မှုဆောင်ရွက်တတ်စေရန် ကြိုးစားဆောင်ရွက်နေမှုသည် မြို့နယ်အတွက် အားကိုးအားထားဖြစ်စေကြောင်းနှင့် ဦးစီးမှူး ဦးအောင်မိုးမြင့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများပူးပေါင်း၍ စည်းစည်းလုံးလုံးဆောင်ရွက်မှုအပြင် ကောက်စိုက်လုံမေများအား "ကောက်ကွက်ပြည့်မှီရေးသည် ကောက်စိုက်လုံမေများ၏ လက်ဝယ်တွင်ရှိသည်" ဟူသည့်အတိုင်း စေတနာအပြည့်ထား ဆောင်ရွက်ပေးရန် စပါးစိုက်ပျိုးတောင်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)