ချီဖွေ၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချီဖွေ      သြဂုတ်  ၁၇

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်မင်းက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိုနှိုင်းရေးကော်မတီတွင် ပါဝင်ရမည့် ကိုယ်စားလှယ် သတ်မှတ်ထားရှိမှုများ၊ ကော်မတီမှ ဆောင်ရွက်ရမည့် လုပ်ငန်းများ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိုနှိုင်းရေးကော်မတီ ဖွဲ့စည်းရေး၊ ကိုယ်စားလှယ်အမည်စာရင်း ရွေးချယ်ရေးနှင့် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ပြီး ပါတီကိုယ်စားပြု ပါဝင်မည့် ပုဂ္ဂိုလ်၏ အမည်စာရင်းများ ရွေးချယ်အတည်ပြုခြင်း၊ စေ့စပ်ညှိုနှိုင်းရေး ကော်မတီတွင် ကိုယ်စားပြု ပါဝင်မည့် ရပ်မိ/ရပ်ဖ (သြဇာတက္ကမရှိသူ) ပုဂ္ဂိုလ်(၅)ဦး၏ အမည်စာရင်းများ အတည်ပြုရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ချီဖွေမြို့နယ် အတွင်း မှတ်ပုံတင် ထားသည့် နိုင်ငံရေးပါတီ (၉)ပါတီမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖ (ဩဇာတိက္ကမရှိသူ)များ၊ စုစုပေါင်း(၂၄)ဦး တက်ရောက်ကာ မြို့နယ်ကော်မရှင် ဝန်ထမ်းများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ်များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်နှင့် နိုင်ငံရေးပါတီများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖတ်ရှု မှတ်သားနိုင်ရန် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နန်းမြင့်၊ ဇင်မာဝင်း