လှိုင်းဘွဲ ဩဂုတ် ၁၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့က ဆရာ၊ ဆရာမများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့က မူလွန် (၁)၊ မူလွန် (၃) ကျောင်းတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်း၊ ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်မြင့်မြင့်ဝင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့က ဆရာ၊ ဆရာမများအား ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါကူးစက်နိုင်သည့် အခြေ အနေ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ Face Shield များ စနစ်တကျတပ်ဆင်ရေး၊ စနစ်တကျလက်ဆေးနည်း၊ ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းတာရာတွင် စနစ်တကျရှိစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)