ကျိုက်ဒုံ မတ် ၁၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့က စာဖတ်ဝိုင်း ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူး ဦးကျော်လင်းနိုင် က အမှာစကားပြောကြားရာတွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများ စာပေ များ လေ့လာဖတ်ရှုနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့၏ လူမှုဘဝ နေထိုင် နည်းများ ပိုမိုရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် အမြင်များ နှီးနှော ဖလှယ် နိုင်စေရေးနှင့် အများအကျိုး ဆောင်ရွက်သည့်အခါ ပူးပေါင်း ပါဝင်ဆောင်ရွက် တက်စေရန် အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင် က စာရေးဆရာလူထုစိန်ဝင်း ရေးသားသော ''ပန်းတိုင်က ဘာလဲနှင့် အခြား ဆောင်းပါးများ'' စာအုပ်အား ဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသူ(Book Club)အသင်းဝင်များမှ မိမိတို့ကြိုက်နှစ်သက်သည့် ခေါင်းစဉ်ဖြင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ရုံးတာဝန်ခံ ဦးစောပန်းစိန်မှ စာအုပ် စာပေ ချစ်မြတ်နိုးသည့် (Book Club) အသင်းဝင်များအား တိရစ္ဆာန်များတွင် ဖြစ်ပွား တက်သော အာဖရိက အပြင်းဖျား ဝက်ရောဂါများနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ကြိုတင် ကာကွယ်ခြင်းနှင့် သတိပြုစရာများ၊ ကျွဲ၊ နွားတိရစ္ဆာန် ကာကွယ်ဆေး ထိုးနှံ ပေးရသည့် ရည်ရွယ်ချက်များ၊ မိမိပတ်ဝန်းကျင်၌ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေး လုပ်ကိုင် သူများအား မိမိတို့သိရှိသည့် ဟောပြောပွဲ အကြောင်းအရာများအား ပြန်လည်မျှဝေပေးရန် ပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)