ကော့ကရိတ်ခရိုင် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၀) ဦးအား ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကော့ကရိတ် ဩဂုတ် ၁၆

၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့် ကော့ကရိတ် ခရိုင်အတွင်းရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း ထားသော နိုင်ငံရေး ပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော့ကရိတ်ခရိုင် ကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ စိစစ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်ခရိုင်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန် အတွက် နိုင်ငံရေးပါတီ (၆)ခု၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၂) ဦးမှ ပြည်သူ့လွှတ်တော်တွင် (၁၂)ဦး၊ အမျိုးသား လွှတ်တော်တွင် (၂၃) ဦး၊  ပြည်နယ်လွှတ်တော်တွင် (၂၅) ဦး စုစုပေါင်း (၆၀) ဦး အမည် စာရင်း တင်သွင်းထားရှိကြောင်း သိရှိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ဩဂုတ်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကော့ကရိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်သည့် အချက် (၁၆) ချက်နှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျော်စိုးလွင်