မြစ်သား သြဂုတ် ၁၆
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြစ်သားစိုက်ပျိုးရေးသုတေသနခြံတွင် ချည်မျှင်ရှည်ဝါ Germplasm မျိုး(၂၀၀) စုဆောင်းထားရှိပြီး ဝါမျိုးသစ်များရရှိရန် သုတေသနပြု ဆောင်ရွက်ထားကြောင်း သိရသည်။
မြစ်သားစိုက်ပျိုး ရေးသုတေသနခြံအနေဖြင့် မိုးနှောင်းရာသီ၊ မိုးကြိုရာသီ၊ မိုးရာသီတို့တွင် ကုလားပဲ သီးနှံ၊ ချည်မျှည်ရှည်ဝါသီးနှံ၊ ပဲတီစိမ်း သီးနှံနှင့် စပါးသီးနှံတို့၏သုတေသနလုပ်ငန်းနှင့် မျိုးစေ့ထုတ်လုပ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယခုလက်ရှိ ၂၀၁၉−၂၀၂၀ မိုးကြိုရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ၊ ပဲတီစိမ်း သီးနှံ၊ မိုးရာသီစပါးသီးနှံများကိုလည်း သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်သားမြို့နယ်၌ ၂၀၂၀ ခုနှစ် မိုးကြိုရာသီတွင် စုပ်ပိုးဒဏ်နှင့် ရေငတ်ဒဏ်ခံ နိုင်ရည်ရှိသော အထွက် ကောင်း ဝါမျိုးများရရှိရန်အတွက် စမ်းသပ် ကွက်(၂)ကွက်ကိုဆောင်ရွက်ထားကြောင်း၊ ချည်မျှင်ရှည်ဝါမျိုးများ စုဆောင်းလေ့လာခြင်းသုတေသနကို ပြည်တွင်း ပြည်ပမှ စုဆောင်းရရှိသော Germplasm မျိုး(၂၀၀)အားအရည်အသွေးနှင့် အရည်အချင်းလက္ခဏာများ ကောက်ယူခြင်း၊ မျိုးထိန်းခြင်းများ ဆောင်ရွက်ထားရှိခြင်း၊ စုပ်ပိုးဒဏ်ခံနိုင်ရည်ရှိသော အထွက် ကောင်းဝါမျိုးများ ရရှိရန်နှင့် ရေငတ်ဒဏ်ခံနိုင်ရည်ရှိသောအထွက် ကောင်းဝါမျိုးများရရှိရန် မျိုးအတွက်ယှဉ်ပြိုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း မြစ်သားသုတေသနခြံမန်နေဂျာ ဒေါ်ဆွေဆွေ မြင့်မှပြောသည်။
အဆိုပါ ချည်မျှင်ရှည်ဝါ သုတေသနလုပ်ငန်းများမှ တောင်သူများအတွက် လိုအပ်သောဈေးကွက်ဝင် အရည်အသွေးကောင်း အထွက် ကောင်းဝါမျိုးသစ်များရရှိခြင်း၊ ပြောင်းလဲလာသည့်ရာသီဉတုဒဏ်နှင့် ရေငတ် ဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်း ဝါမျိုးသစ်များ ရရှိခြင်းနှင့် စုပ်ပိုးဒဏ်ခံနိုင်ရည်ရှိသော ဝါမျိူးသစ်များရရှိနိုင် မည်ဖြစ်ကြောင်းသိရှိရသည်။
ဆုမွန်(ပြန်/ဆက်)