ရန်ကုန် ဩဂုတ် ၁၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်း မဲပေးခွင့်မဆုံးရှံးစေရေး၊ အခြေခံ မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှု ပြည့်စုံမှုရှိ စေရေး အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာရာတွင် သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်များသည် မိမိတို့တာဝန်ကျရာ ရပ်ကွက်များအလိုက် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်လူဦးရေ စာရင်းပြုစုရေးအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့တို့သည် အသံချဲ့စက်များဖြင့် ကြိုတင်လိုက်လံဆော်ဩကြကာ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် လိုက်လံကာ နိုဝင်ဘာလတွင် အသက် (၁၈) ပြည့်မည့်သူများ၊ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့နေထိုင်လာကြသူများ၊ ယခင်မဲဆန္ဒရှင်စာရင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ခဲ့ကြသူများအား အခြေခံမဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းပေးနိုင်ရေးနှင့် ပြောင်းရွှေ့ ထွက်ခွါသွားသူများ၊ ကွယ်လွန်သေဆုံး သွားသူများအား မဲဆန္ဒရှင်စာရင်းမှ ဖယ်ရှားရေးများ အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံတိကျမှု ရှိစေရေးတို့အတွက် သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိရပ်ကွက် (၃၈) ရပ်ကွက်သို့ ရပ်ကွက် အများလိုက် ကွင်းဆင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)