စုကလိ ဩဂုတ် ၁၆
Covid-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (Covid-19 Economic Relief Plan-CERP) အရ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်း ၅ ဧကစိုက်ပျိုးနေမှုအား ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းနှင့် ဌာနဆိုင်ရာ များက ကြည့်ရှုအားပေးသည်။
အဆိုပါ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းကို စုကလိမြို့၊ ဆုံဆည်းမြိုင်အထူးဒေသရှိ တောင်သူ ဦးစောဖားခေါနော၏ လယ်မြေတွင်စိုက်ပျိုးခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းများ စနစ်တကျ အောင်မြင်ဖြစ်ထွန်းရေး အတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပေးခြင်း လုပ်ငန်းများကို ကြီးကြပ်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနသည် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေရန်၊ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာစေရန်နှင့် ကိုဗစ်-၁၉ ကြောင့် ဒေသတွင်း မျိုးစေ့ အခက်အခဲမရှိစေရန် CERP အစီအစဉ်ဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)