ကျောက်ဆည် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်စေရန်အတွက် ယနေ့နံနက်(၉)နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးက အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးရွာများတွင် စဉ်ဆက်မပြတ် ဝင်ငွေမြင့်မားလာခြင်းနှင့် ဆင်းရဲမှု လျှော့ကျလာခြင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအား ပညာပေး လက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များနှင့် ဗွီနိုင်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရွှေဒါး၊ ကတဲ၊ ကြောင်ပန်းကုန်း၊ ဘုံကွင်း၊ သံရွာ၊ ကုလားကျောင်း၊ ပြည်တော်သာ၊ လယ်ကြီး၊ ကိုးပင်၊ ကျားအိုလေး၊ တောင်တော်၊ ခတက်ကုန်း၊ တောင်နောက်၊ သီးပင်၊ ရွာနန်းကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်