နမ့်ဆန် မတ် ၁၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကယားလမ်း ကျေးရွာအုပ်စု ပန်စေမိန်းကျေးရွာ အမကကျောင်းတွင် COVID -19 ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိ ပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ဇယန်းကြီးတိုက်နယ် ကျန်းမာရေးမှူး ဦးအောင်မြင့်နှင့် ကယားလမ်း ကျေးရွာ အုပ်စု ကျန်းမာရေးဝန်ထမ်းများတို့က ပူးပေါင်း၍ ကျန်းမာရေးအသိပညာ ပေးခြင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ မဖြစ် ပွားစေရန် အသိပညာပေးခြင်း၊ မိမိတို့ကျေးရွာတွင် နယ်ဝေးမှ ရောက်ရှိ လာသည့် လူများရှိပါက ကျန်းမာရေး ထူးခြားမှု ရှိ /မရှိ စောင့်ကြည့်ရေးလုပ်ငန်းများကို ဆောင်ရွက် သွားကြရန်တို့ကို အသိ ပညာ ပေး ဟောပြောသည်။ ထို့ပြင် သက်ကြီးရွယ်အိုများနှင့် မိခင် ကလေးများ တို့ကို ကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ပေးပြီး ကျန်းမာရေးအသိပညာပေး နံရံကပ် စာစောင်များ၊ လက်ကမ်းစာစောင်များကို လူ အများ မြင်သာသည့် နေရာများတွင် ကပ်ထား ပေးလျက်ရှိကြောင်း သိရသည်။ ဟောပြောပွဲတွင် ကယားလမ်းကျေးရွာအုပ်စု ပန်စေမိန်းကျေးရွာမှ မိခင်နှင့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)