မိတ္ထီလာ စက်တင်ဘာ ၂၅
မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ယာယီဆေးကုသရေးဌာန၂ခုတွင်လိုအပ်လျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ကခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကန်သာကျေးရွာအုပ်စု စက်မှုခန်းမတွင်ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ယာယီဆေးကုသရေးဌာနတာဝန်ရှိသူများထံသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရုံးမှ ထောက်ပံ့ပေးအပ်သည့် ဆန်အိတ် ၅ အိတ်၊ စားသုံးဆီ ၁ဝ ပိဿာ၊ ကြက်ဥ ၃ဝဝ လုံး၊ ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပစ္စည်းများဖြစ်သည့် မျက်နှာနှာခေါင်းစည်း၁ဝဗူး၊ လက်သန့်ဆပ်ပြာရည် ၂ ဗူးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းတို့က ထောက်ပံ့ပေးအပ်သည်။ အလားတူ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)တွင် ဖွင့်လှစ်ထားသည့် ကိုဗစ်၁၉ရောဂါယာယီဆေးကုသရေးဌာနအတွက် တာဝန်ခံဆရာတော် ဘဒ္ဒန္တသဇ္ဇန ( မေတ္တာရေကြည်) ထံသို့ ဆန်အိတ် ၅ အိတ်၊ စားသုံးဆီ ၁ဝ ပိဿာ၊ ကြက်ဥ ၃ဝဝ လုံး၊ ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပစ္စည်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ချမ်းသာ