မင်္ဂလာဒုံ သြဂုတ် ၁၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့၊ မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲကို ယမန်နေ့ညနေ (၃) နာရီအချိန်က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် မှ မဲဆန္ဒရှင်စာရင်းများ မှန်ကန်တိကျရေးနှင့် မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေး အဖွဲ့ကို တိုင်း ၊ ခရိုင် ၊ မြို့နယ်များတွင် ဖွဲ့စည်းပေးပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် လဝက၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း များ ပါဝင်ဆောင်ရွက်နေသော ဌာနများ အတွက် လိုအပ်ချက်များရှိလျှင် ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင်ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်း တစ်အိမ်တက် ဆင်း လိုက်လံဆောင်ရွက်ပေးနေမှုနှင့် လက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးမြင့် က မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံများ ဆောင်ရွက်နေမှု အခြေအနေနှင့် လိုအပ်သည့်ကိစ္စရပ်များ တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)