(၁၅၇)ကြိမ်မြောက်သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ထန်းတပင်မြို့နယ်တွင်ကျင်းပ

ထန်းတပင်  စက်တင်ဘာ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ပရိယတ္တိစာသင်တိုက်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူသော ဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို တော်သလင်း လပြည့်ကျော်(၄)ရက်၊ ယမန်နေ့၊ နံနက်ပိုင်းမှစတင်၍ အဆိုပါကျောင်းတိုက်တွင် ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။

ထန်းတပင်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း တော်သလင်းလပြည့်ကျော်(၄)ရက်နေ့နှင့်(၅)ရက်နေ့တို့ တွင်(၂)ရက်တိုင်တိုင် ဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သစ်သီး ဆွမ်းကို ဆက်ကပ်လှူဒါန်းပူဇော်လျက်ရှိရာ ယခုဆိုလျှင်(၁၅၇)ကြိမ်မြောက်အထိ ရှိခဲ့ပြီဖြစ်ကြောင်း လည်းသိရသည်။

ဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်းဆက်ကပ် လှူဒါန်းရာတွင် တော်သလင်းလပြည့်ကျော်(၄)ရက် (စက်တင်ဘာ(၂၄)ရက်နေ့) တွင် ရပ်ကွက်/ ကျေးရွာနေပြည်သူများက သစ်သီးဆွမ်းများကို ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ ဆက်ကပ် လှူဒါန်းပူဇော်လျက်ရှိသလို တော်သလင်းလပြည့်ကျော်(၅)ရက်နေ့ အာရုံတက်အချိန်တွင်လည်း မြသိန်းတန်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြသိန်းတန်ဘုရားကြီးပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုမနနှင့် သံဃာတော်အရှင်သူမြတ်များက သစ်သီးများကို ဆက်ကပ်ပူဇော်သွားမည် ဖြစ်ကြောင်းသိရပြီး သစ်သီးဆွမ်း လာရောက်ဆက်ကပ် လှူဒါန်း ကြသူများကိုလည်း စေတနာအလှူရှင်များက အာဟာရဒါနများကို ပါဆယ်စနစ်ဖြင့် လှူဒါန်းပေး လျက်ရှိကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)