ရပ်စောက်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)နှင့်  မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာရွေးချယ် အတည်ပြုခြင်း အခမ်းအနားကျင်းပ

ရပ်စောက်  စက်တင်ဘာ   ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ် (Mini Budget) အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်အတည်ပြုခြင်း အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှေးရယ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကြောင်းနှင့် ကျေးရွာရွေးချယ်ရာတွင် ဦးစီးဌာနရန်ပုံငွေ ကျပ်သိန်း ၄၀၀ အပြင် ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့် ကျေးရွာများ၊ အကျိုးခံစားရမည့် အိမ်ထောင်စုများသည့် ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသည့် ကျေးရွာများ၊ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွှတ်မှုနှင့် တက်ကြွစွာဆောင်ရွက်လိုမှုရှိသည့် ကျေးရွာများနှင့် မည်သည့်စီမံကိန်းမှ မရရှိသေးသည့် ကျေးရွာများကို စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အဓိကကျေးရွာ (၄) ရွာနှင့် အရံ(၃)ရွာအား လျာထားရွေးချယ်ရာတွင် အဓိက(၄)ရွာအဖြစ် ပါမဲကျေးရွာအုပ်စုမှ တပ်ဦး ကျေးရွာ၊ ကျောက်ဂူကျေးရွာအုပ်စုမှ နောင်ချိုကျေးရွာ၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုမှ မြို့ဦး ကျေးရွာ၊ ဖောင်းတောကျေးရွာအုပ်စုမှ ဘုရားဖြူကျေးရွာနှင့် အရံကျေးရွာ(၃)အဖြစ် မကျီးကုန်းကျေးရွာ အုပ်စုမှရေအေးကျေးရွာ၊ ဖောင်းတောကျေးရွာအုပ်စုမှ နောင်ဘိုကျေးရွာ၊ တောင်ဝိုးကျေးရွာအုပ်စုမှ ညဲ့စဉ်ကျေးရွာတို့ကို အတည်ပြုရွေးချယ်ခဲ့ကြပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အဓိကကျေးရွာအဖြစ် မြင်တောင်ကျေးရွာအုပ်စုမှ တီတောက်ကုန်းကျေးရွာနှင့် အရံကျေးရွာအဖြစ် ကောင်းဘို့ကျေးရွာအုပ်စုမှ သပြေပင်လှကျေးရွာတို့အား အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)