အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းများအား သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် အပတ်စဉ် ဆောင်ရွက်

ရန်ကုန်          ဩဂုတ်         ၁၆

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်၊သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ကျောင်းများအား သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် အပတ်စဉ် ဆောင်ရွက်လျက်ရှိခြင်းကို ယမန်နေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်၍ ခြင်ဆေးဖျန်းခြင်း၊သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် စသည်တို့ကို ဆောင်ရွက်ခဲ့ သည်။ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့်တပ်ဖွဲ့ဝင်များ၊ပညာရေး ဝန်ထမ်းများ၊ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကသည်။

ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျောင်းများကိုလည်း ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန် အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)