ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာများရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ပုသိမ်ကြီး စက်တင်ဘာ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ၆ လ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့တိုးတက်ရေးစီမံကိန်း ကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်က တက်ရောက်လာသည့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အဖွဲ့ဝင်များအား ယခုနှစ် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကျေးရွာရွေးချယ်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးမြင့်ဦးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ လုံခြုံရေးအား အစဉ်ဂရုပြုဆောင်ရွက်ရန်၊ စီမံကိန်း၏ ကျေးရွာများ ရွေးချယ်ရာတွင်လည်း တည်ငြိမ်အေးချမ်းသည့် ကျေးရွာကိုသာ ရွေးချယ်ဆောင်ရွက်ရန် စသည်တို့အား တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် ကျေးရွာရွေးချယ်ရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁)ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၄) ရွာလျာထားရွေး ချယ်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင် နှင့်ဝန်ထမ်းများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို