မိုင်းရယ် စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့လာသည်မှာ ယခုဆိုလျှင် ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကာလများတွင် ပိုးတွေ့ရှိမှု နည်းပါးခဲ့သော်လည်း ယခု တတိယလှိုင်းတွင် ပိုးတွေ့လူနာ နှစ်ရာကျော်အထိ ရောက်ရှိခဲ့သည်။ အဆိုပါ ရောဂါပိုး တွေ့ရှိခဲ့သူများမှ ပျောက်ကင်းသက်သာလာသူတစ်ချို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
မထက်ထက်ဝေ (ဈေးရောင်း)
ကျွန်မ နာမည်က မထက်ထက်ဝေပါ။ မိုင်းရယ်မြို့ အမှတ်(၂)ရပ်ကွက်မှာ နေထိုင်ပြီး ဈေး(အကင်) ရောင်းပါတယ်။ စက်တင်ဘာ ၅ ရက်နေ့က ပုံမှန်ရာသီတုပ်ကွေးလို ဖျားတာကြောင့် ဆေးရုံသွားပြီး ဆေးစစ်လိုက်တော့ ပိုးတွေ့တယ်လို့ သိရတယ်။ မိသားစုဝင် ၄ ဦးရှိရာမှာ ၃ ဦးက ကိုဗစ်ပိုးတွေ့ လူနာဖြစ်ပေါ်ခဲ့ပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ကစပြီး ဆေးရုံစတက်လိုက်တာ ဆေးရုံတက်နေတဲ့ တစ်လျှောက် ဖျားတာ၊ ချောင်းဆိုးတာတွေ ဘာလက္ခဏာမှ မဖြစ်ဘူး၊ အနံ့လည်းရတယ်။ အောက်ဆီဂျင်လည်း ပေးစရာမလိုဘူး၊ ဆေးရုံကပေးတဲ့ ပုံမှန်အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေးနှင့် အားဆေးကိုပဲ နေ့တိုင်း သောက်ပါတယ်။ ရောဂါပိုး တွေ့တယ်ဆိုပေမယ့် စိတ်ထဲမှာ အရမ်းကြီးတုန်လှုပ်ပြီး ကြောက်သွားတာ မရှိဘူး၊ ပုံမှန်တုပ်ကွေး ဖျားသလိုပဲဆိုတဲ့ စိတ်ပဲရှိတယ်။ အဓိကကတော့ စိတ်ပါပဲ၊ ကျွန်မကတော့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးပဲ အချိန်တန်ရင် ပျောက်သွားမယ်ဆိုတဲ့ စိတ်ပဲထားလိုက်တယ်။ ဆေးရုံမှာ တစ်ပတ်နေလိုက်ရတယ်၊ ဆေးရုံကဆင်းတော့ ဘယ်မှ မသွားဘဲ အိမ်မှာလည်း တစ်ပတ်ပြန်နေရတာပေါ့၊ ဆေးရုံက ၂၄ ရက်နေ့မှ အပြင်ထွက်လို့ရမယ် ဆိုလို့ စည်းကမ်းအတိုင်းပဲ ဒီနေ့မှ အပြင်ပြန်ထွက်ပြီး ဈေးပြန်ရောင်းပါတယ်။ ကိုဗစ် ကာကွယ်ဆေးကို တစ်ကြိမ်မှမထိုးရသေးတော့ ဒီတစ်ခေါက်ကျရင် ထိုးရမယ်၊ ရောဂါပိုး တွေ့ခဲ့တယ်ဆိုပေမယ့် ဆေးထိုး ထားရင် ဈေးဝယ်တဲ့သူတွေက ယုံယုံကြည်ကြည်နဲ့ လာဝယ်မှာ ဖြစ်ပါတယ်။
မသဇင်ဖြိုး(ကျောင်းသူ)
ကျွန်မက ကိုဗစ်ရောဂါဖြစ်ပြီး ပြန်လည်ကောင်းမွန်လာတဲ့ မသဇင်ဖြိုးဖြစ်ပါတယ်။ မိုင်းရယ်မြို့ အမှတ်(၃)ရပ်ကွက်မှာ နေပါတယ်။ အနံ့ပျောက်ပြီး ဆေးစစ်လိုက်တော့ ကိုဗစ်ပိုး တွေ့တယ်ဆိုလို့ ဆေးရုံ မှာ ၁၀ ရက်နေလိုက်ရတယ်။ ဆေးရုံတက်နေတဲ့ တစ်လျှောက် နေမကောင်းတော့ မဖြစ်ပါဘူး၊ အနံ့လည်း ခနပဲပျောက်ပြီး ပြန်ရလာပါတယ်။ ကိုဗစ်ရောဂါ ဖြစ်တယ်လို့ စစသိချင်းတော့ နည်းနည်းတော့ စိတ်အားငယ်သွားတယ်။ ဒါပေမယ့် လူကြီး မိဘတွေ၊ ကျောင်းနေဖက်သူငယ်ချင်းတွေက အားပေးကြတော့ စိတ်က အားပြန်တက်လာ ပါတယ်။ အဓိကက အိမ်မှာကြိတ်မကုဘဲ ဆေးရုံတက်ရောက် ကုသဖို့ပါပဲ။ ဆေးရုံမှာ အစစအရာရာအဆင်ပြေပါတယ်၊ ဆရာဝန်တွေကလည်း နွေးနွေးထွေးထွေးရှိပြီး အလှူရှင် တွေကလည်း ပေါပါတယ်။ အခုတော့ ကျွန်မ ကျန်းကျန်းမာမာနဲ့ အိမ်မှာ မိဘကို ပြန်ကူပေးနပါပြီ။
ကျော်ဇင်ထိုက် (မိုင်းရယ်)