၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲ‌ပေးနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများအား အိမ်တိုင်ရာရောက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်

သာကေတ ဩဂုတ် ၁၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒနှင့်အညီ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန် အိမ်တိုင်ရာရောက် မဲစာရင်းများစိစစ်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတ မြို့နယ်၌ ယနေ့မနက် (၁၀) နာရီက ဆောင်ရွက်စစ်ဆေးခဲ့ ကြသည်။          

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သာကေတမြို့နယ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး အတွက် မြို့နယ်ပံ့ပိုး ကူညီရေး အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက် ဦးဆောင်၍ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှအဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ရပ်ကွက်အလိုက် ဆောင်ရွက်ခဲ့ကြသည်။

သာကေတမြို့နယ်ရှိရပ်ကွက် (၁၉) ရပ်ကွက်တွင် မဲရုံပေါင်း (၂၁၁) ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူပေါင်း (၁၆၃၈၈၂) ဦးရှိကြောင်း သိရှိရသည်။

ကိုဘုန်း(ပြန်ဆက်)