သင်္ဃန်းကျွန်း စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြ လိုက်ရပါသည်-
ကိုဟိန်းလတ်နိုင်၏ ရင်တွင်းစကားသံ
ကျွန်တော်ကတော့ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တပ်ခွဲ (၁)မှ ဒုတိယတပ်ခွဲမှူး တာဝန်ယူ ဆောင်ရွက်နေသော ကိုဟိန်းလတ်နိုင်ဖြစ်ပါတယ်။ ကျွန်တော် ဇူလိုင်လကတည်းက ကျွန်တော်တို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ နှင့် ပတ်သက်၍ လိုအပ်ချက်ဖြစ်သော ပြည်သူများအတွက် အောက်ဆီဂျင်အိုးများကို မြို့နယ်အတွင်း အိမ်တိုင်ရာရောက် လိုက်လံငှားရမ်းပေးနေကတည်းက တစ်နေ့နေ့တော့ ရောဂါကူးစက်ခံရမှာ ကိုယ်တော့သိပါတယ်။ ကျွန်တော် သြဂုတ်လ ၇ ရက်နေ့မှစ၍ (၃) ရက်ဆက်တိုက် ညနေပိုင်းမှာဆိုရင် ဖျားတယ်၊ မိုးချုပ်သွားရင် ပြန်ကောင်းသွားတယ်၊ (၄) ရက်မြောက်နေ့ကျ အပြင်းအထန် ဖျားပြီးတော့ (၅) ရက်မြောက်နေ့ကျတော့ အနံ့လည်းပျောက် သွားတယ်၊ အရသာလည်း ပျောက်သွားတာနဲ့ ချက်ခြင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သုဝဏ္ဏ ကိုဗစ် စင်တာမှာ စစ်ဆေးလိုက်တဲ့အချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိတဲ့အတွက် ကြောင့် သုဝဏ္ဏကိုဗစ်ကုသရေးစင်တာမှာဘဲ (၁၄) ရက် ဆေးကုသမှု ခံယူခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်မှာ အရသာပျောက်သွားတဲ့အတွက် အစားလုံးဝ စားလို့မရပါဘူး၊ ဒါပေမယ့် ကိုယ်တိုင်က စေတနာ့ဝန်ထမ်းဖြစ်နေတဲ့ အတွက် ကျွန်တော်ရဲ့ ဆရာသမားတွေ၊ အပေါင်းအသင်း တွေရှိတယ် ဘာမှအားမငယ်ဘူး ရင်ဆိုင်မယ် ဒါမှ ပြည်သူများကိုလည်း ကူညီစောင့်ရှောက်နိုင် မှာဆိုတဲ့ စိတ်ကိုမွေးပြီး အစားကို ဝင်အောင်သေချာစားပါတယ်၊ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ် ဒီလိုနဲ့ ပြန်လည်နေပြန်ကောင်းလာတယ်၊ မိဘပြည်သူ များကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့ မှာချင်တာက အချိန်မှန်အိပ်ပါ၊ အားရှိတဲ့ အစားအစာ များကို အချိန်မှန်စားပါ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသမှုခံယူကြဖို့ တိုက်တွန်းအပ်ပါတယ်။
မဝင်းပပအောင်၏ ရင်တွင်းစကားသံ
ကျွန်မကတော့ သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီအသင်းမှ တပ်ခွဲတပ်ကြပ်ကြီး မဝင်းပပအောင် ဖြစ်ပါတယ် သုဝဏ္ဏကိုဗစ်ကုသရေးစင်တာမှာ ဇူလိုင်လမှ စတင်၍ လုပ်အားပေးနေပါတယ် သြဂုတ်လ ၃ ရက်နေ့မှာ ကျွန်မ ကိုယ့်ကိုကိုယ် သံသယ စရှိလာတဲ့အခါ အိမ်သူအိမ်သားတွေနဲ့ ခွဲနေပါတယ် နောက်ပိုင်း ချောင်းဆိုးတယ်၊ အစားအသောက် မစားချင်ဘူး၊ မောလည်း မောတယ်စတဲ့ သံသယလက္ခဏာတွေ ဖြစ်ပေါ်နေတဲ့အတွက် သုဝဏ္ဏ ကိုဗစ်ကုသရေးစင်တာမှာ စစ်ဆေး လိုက်တဲ့အချိန်မှာ ရောဂါပိုးတွေ့ရှိတဲ့အတွက်ကြောင့် သုဝဏ္ဏကိုဗစ်ကုသရေးစင်တာမှာဘဲ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးကုသမှု ခံယူနေချိန်မှာလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို စနစ်တကျ လိုက်နာပါတယ်၊ အစားအသောက်ကိုလည်း စနစ်တကျ စားရပါတယ်၊ စင်တာမှာ (၁၄)ရက် ဆေးကုသမှုခံယူပြီး အိမ်မှာ Stay Home (၇) ရက် နေထိုင်ခဲ့ ပါတယ်၊ မိဘပြည်သူများအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေဖို့ အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြဖို့၊ လက်ကို မကြာခဏ ဆေးကြောကြဖို့၊ လူထပ်သော နေရာများကို ရှောင်ကြဉ်ကြဖို့၊ အာဟာရဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြဖို့၊ အိပ်ရေး ဝအောင် အိပ်ကြဖို့ တိုက်တွန်းအပ်ပါတယ်၊ ယခုလက်ရှိထိုးပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုယ်လည်း ပြည်သူများအနေဖြင့် မပျက်မကွက် ကာကွယ်ဆေးကို ထိုးနှံကြပါလို့ ထပ်မံတိုက်တွန်းချင်ပါ တယ်ရှင့်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
စန္ဒာမိုး(ပြန်/ဆက်)