ပန်လုံ စက်တင်ဘာလ ၂၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် စက်တင်ဘာ ၂၂ရက်နေ့ ညနေ(၃)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်း ဦးဆောင်၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထိုသို့ပေးအပ်ရာတွင် MCCT အစီအစဉ်ဖြင့် ထောက်ပံ့စာရင်း ကောက်ယူချိန်အတွင်း ဖုန်းနံပါတ်မပါရှိသူ များလည်း အကျိုးခံစားခွင့်ရရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁)ရက်နေ့မှစတင် မွေးဖွားသည့်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါသည်။
ပန်လုံမြို့ပေါ်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၈၄)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၅၈) ဦးတို့အား တစ်ဦးလျှင် တစ်လ (၁၅၀၀၀) နှုန်းဖြင့် (၃)လစာ (၄၅၀၀၀)ကျပ်ကို စုစုပေါင်း (၁၄၂) ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ပန်လုံ(ပြန်/ဆက်)