ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာကြသူများ၏ ရင်တွင်းစကားသံများ

ပျဉ်းမနား စက်တင်ဘာ ၂

ဦးထွန်းကို(မော်တော်ယာဉ်မောင်း၊ ရန်အောင်(၁)ရပ်ကွက်၊ ပျဉ်းမနားမြို့)

ကျွန်တော် ကိုဗစ်-၁၉ ရောဂါကို ဘယ်ကနေ ကူးစက်လဲဆိုတာမသိဘူး။ စဖြစ်တဲ့ အချိန်မှာ ကိုယ်လက်တွေ ကိုက်ခဲတယ်၊ ဝမ်းသွားတယ်၊ အနံ့လဲပျောက်သွားတယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကို သံသယဖြစ်ပြီး ပျဉ်းမနား ခုတင်-၂၀၀ ပြည်သူ့ဆေးရုံကိုသွားပြီး ကျန်းမာရေးစစ်ဆေးတော့ ဆရာဝန်တွေက ကိုဗစ်-၁၉ ရောဂါလက္ခဏာနဲ့ တူတယ်ဆိုပြီး ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ စစ်ဆေးပေးပါတယ်။ ဆေးစစ်ချက်ရလဒ်က Positive ထွက်တယ်။ အဲဒါနဲ့ ဆေးရုံက ဆရာဝန်တွေက ကျွန်တော့်ကို အိမ်မပြန်စေတော့ဘဲ ပုဗ္ဗသီရိ ကုတင်-၅၀ ကို ကားနဲ့ လိုက်ပို့ပေးပြီး ဆေးကုသမှု ခံယူစေပါတယ်။ ဆေးကုသနေတဲ့ရက်အတွင်း ဆေးရုံကနေ အစားအသောက်နဲ့ ဆေးဝါးတွေကို အခမဲ့ပေးပါတယ်။ ဆေးရုံကနေ ပြည့်စုံစွာနဲ့ ထောက်ပံ့ ကုသပေးမှုတွေကြောင့် မြန်မြန်ပြန်လည်ကျန်းမာလာတယ်လို့ ထင်ပါတယ်။ အခုဆိုရင် ကျွန်တော်ဆေးရုံကဆင်းတာ (၃)လပြည့်ပြီးပါပြီ။ အဲဒီ(၃)လအတွင်းမှာ ကိုယ့်ကိုယ်ကို အရမ်း ဂရုတစိုက်နဲ့ နေထိုင်ခဲ့ရပါတယ်။ အခုတော့ ကျန်းကျန်းမာမာနဲ့ အရင်လိုပဲ အလုပ်တွေ ပြန်လုပ်နိုင်နေပါပြီ။ ကျွန်တော်ပြောချင်တာ ကတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရတဲ့သူရော၊ ကူးစက်မခံရသေးတဲ့သူရော အားလုံး ဂရုတစိုက်နဲ့ နေထိုင်သွား ကြမယ်ဆိုရင် ဒီရောဂါဟာကြောက်စရာမဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့အားလုံး လူတစ်ဦးချင်းစီတိုင်းက ကျန်းမာရေးအသိ၊ သတိလေးနဲ့ နေထိုင်သွားလာ ကြမယ်ဆိုရင် ဒီရောဂါကြီးကို ကာကွယ်နိုင်မှာပါ။

ဒေါ်ခင်အေး (ရန်အောင်(၁)ရပ်ကွက်၊ ပျဉ်းမနားမြို့)

ကျွန်မကတော့ ကိုဗစ်-၁၉ ရောဂါကို ကျွန်မရဲ့ သားသမက် ဆီကနေတစ်ဆင့် ကူးစက်ခံခဲ့ ရတာပါ။ ကျွန်မသားသမက်ဆီမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတော့ ကျွန်မတို့မိသားစုကို နေပြည်တော်စည်ပင်ရိပ်သာမှာရှိနဲ့ Quarantine Centre မှာ ကန့်သတ်ထားရှိပြီး ရောဂါပိုး ရှိ/မရှိ စစ်ဆေးတဲ့အခါ ကျွန်မမှာ ရောဂါကူးစက်ခံနေရပြီဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် ကျွန်မကို ပုဗ္ဗသီရိ ကုတင်-၅၀ကို ပေးပို့ပြီး ဆေးကုသမှုခံယူစေပါတယ်။ ဆေးရုံမှ သွေးပေါင်ချိန်တိုင်းတာ၊ အောက်စီဂျင်တိုင်းတာနှင့် ဆေးကိုတစ်ရက်(၃)ကြိမ် သောက်ရပါ တယ်။ ကျွန်မက‌ တော့ ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်း အိပ်ရေးဝအောင် အိပ်တယ်၊ အဟာရရှိအောင် စားတယ်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုလည်း လုပ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး ကောင်းပြီး ဆေးရုံကဆင်းခွင့်ရကာ အိမ်မှာ မပြင်မထွက်ပဲ (၁)လ တိတိနေရပါတယ်။ အခုတော့ ကျန်းကျန်းမာမာနဲ့ အလုပ်တွေပြန်လုပ်နိုင်ပါပြီ။ ကိုဗစ်-၁၉ ရောဂါ မဖြစ်သေးတဲ့သူတွေရော၊ ဖြစ်ပြီးသားသူတွေရောကို ကျွန်မပြောချင်တာကတော့ တအားမကြောက်ကြပါနဲ့။ ကိုယ်ခံအား ကောင်းဖို့ လုံလုံလောက်လောက်စားဖို့၊ အိပ်ရေးဝအောင် အိပ်ဖို့ ပြီးတော့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပေးချက်တွေကို လိုက်နာပြီး နေတတ်ထိုင်တတ်ဖို့ ပြောလိုပါ တယ်။ အားလုံးဟာ စီစဉ်တကျ သတိရှိရှိနေရင် ဒီရောဂါက ကြောက်စရာမဟုတ်ပါဘူးလို့ အသိပေး ပြောကြား လိုပါတယ်။

တွေ့ဆုံမေးမြန်း- ဇော်ဖြိုး(ပြန်/ဆက်)