ကျောက်မဲ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ယနေ့နံနက် ၁၁ နာရီ အချိန်က ကျောက်မဲမြို့ပေါ်၌ Clean & Green Cities ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် ကတ္တရာလမ်း ခင်းခြင်း၊ ရေမြောင်းတူးဖေါ်ခြင်း၊ ပလက်ဖောင်းတည်ဆောက်ခြင်းနှင့် မြို့အဝင်မုခ်ဦး တည်ဆောက်ခြင်း လုပ်ငန်းများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်၌ Clean & Creen Cities ရန်ပုံငွေကျပ် ၄၈၀ သန်းဖြင့် စပ်စံထွန်းလမ်း အရှည် ၁၈၉၂ ပေရှိရေမြောင်း နှင့် ပလက်ဖေါင်း ပြုလုပ်ခြင်း၊ စပ်စံထွန်းလမ်းအရှည် ၂၈၄ ပေ× လမ်းအကျယ် ၄၀ ပေရှိ ကတ္တရာလမ်းခင်းခြင်း၊ မြို့အဝင် မုခ်ဦးတည်ဆောက်ခြင်း၊ အောင်ဆန်းလမ်း အရှည် ၃၅၀၀ ပေရှိ ကွန်ကရစ်ရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းများကို တင်နာအောင်မြင်ခဲ့သည့် ရွှေရည်သဇင်ဖြို့ကုမ္မဏီမှ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လာရောက်ကြည့်ရှုစစ်ဆေးရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးတို့က ရှင်းလင်းတင်ပြ ခဲ့ကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် စပ်စံထွန်းလမ်း ရေမြောင်းနှင့် ပလက်ဖောင်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပြီး နံနက် ၁၁ နာရီ ခွဲ အချိန်တွင် ပြန်လည်ထွက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)