ခမောက်ကြီးမြို့တွင် ကျေးရွာများအရောက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ခမောက်ကြီး စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာနှင့် အေးချမ်းသာကျေးရွာတို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေး သည့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ သံဃာတော်များ၊ စျေးရောင်းသူများအား ယမန်နေ့က မာရမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် လည်းကောင်း၊ ယနေ့တွင် အေးချမ်းသာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ခမောက်ကြီးမြို့တွင် ကျေးရွာများအရောက် ကွင်းဆင်းဆေးထိုးနှံပေးခြင်းသည် ဒုတိယသုတ်အနေဖြင့် ထိုးနှံပေးခြင်းဖြစ်ပြီး အသက်(၅၅)နှင့်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များနှင့် စျေးသည်များအား  ဆေးတစ်လုံးလျှင် (၅)ယောက်နှုန်းဖြင့် မာရမ်း ကျေးရွာ၌  လူ(၂၅၀)အတွက် ဆေးလုံးရေ(၅၀)ကို ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့က ထိုးနှံပေးခဲ့ပြီး အေးချမ်းသာကျေးရွာတွင် လူ (၂၅၀)အတွက် ဆေးအလုံးရေ(၅၀)ကို ယနေ့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံကြရာတွင် ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ဆေးထိုးနှံပေးခြင်း၊ ခမောက်ကြီးဆေးတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ကို ဆောင်ရွက် ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာများမှ ပရဟိတအသင်းအဖွဲ့များဖြစ်ကြသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ပြန်/ဆက်)