ချီဖွေမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ချီဖွေ စက်တင်ဘာလ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်- ၁၉‌ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် အသက် (၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၂၁) ရက်နေ့မှစ၍ မြို့နယ်ပြည့်သူ့ဆေးရုံတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့်ပေးကြောင်း သိရသည်။

ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံးရေ(၂၀၀)လုံး ရရှိထားပြီး  ဆေး(၁)လုံး လျှင် လူငါးဦးထိုးနှံပေးနိုင်သည့် တရုတ်နိုင်ငံထုတ် (Sinopharm)အမျိုးအစားဖြစ်ပြီး လူဦးရေ (၁၀၀၀)ကို ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း၊ စက်တင်ဘာ(၂၁)ရက်နေ့ မှ(၂၂)ရက်နေ့အထိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အသက်(၁၈)နှစ်အထက် လူဦးရေ (၁၁၅)ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။