မြိတ် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း လမ်းပန်းဆက်သွယ်မှု လွယ်ကူလျင်မြန်စေရေးအတွက် ဘဏ္ဍာ နှစ်အလိုက် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
“နယ်မြေဒေသတွေ စီးပွားရေး၊ လူမှုရေး အပါအဝင် ဘက်စုံမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ဒေသတစ်ခု နဲ့ တစ်ခု လမ်းပန်း ဆက်သွယ်မှု သွားလာရ လွယ်ကူလျင်မြန်စေဖို့အတွက် လမ်းဦးစီးဌာနမှ လမ်းအဆင့်မြှင့် တင်ခြင်း၊ လမ်းအသစ်ခင်းခြင်း၊ လမ်းချဲ့ခြင်း တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စု လမ်းမကြီး ဖြစ်တဲ့ ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း ( ပလောက်-ပုလော-မြိတ် အပိုင်း)နဲ့( မြိတ်-တနင်္သာရီ-ထုံခါ အပိုင်း)၊ တိုင်းဒေသကြီး လမ်းပိုင်း(၁၂) လမ်းတို့မှာ ယခုနှစ် ဆောင်ရွက် လျက်ရှိတဲ့ လမ်းလုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်”ဟု ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကိုကိုကျော် က ပြောကြားသည်။
မြိတ်ခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လမ်းလုပ်ငန်းများတွင် ကတ္တရာကွန်ကရစ်(AC)လမ်းခင်းခြင်း (၇.၉၈)ကီလိုမီတာ၊ ကွန်ကရစ်လမ်းခင်းခြင်း(၁၉.၄၇၆)ကီလိုမီတာ၊ ကတ္တရာလမ်းသစ်ခင်းခြင်း(၅.၈၉၅) ကီလိုမီတာ၊ ကတ္တရာလမ်းချဲ့ခင်းခြင်း (၆.၆၅၆) ကီလိုမီတာ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၉.၆၆၇) ကီလိုမီတာ၊ မြေသားတာ ဘောင်တင်ခြင်း /ဖြတ်မြေလုပ်ငန်း ဆောင်ရွက်ခြင်း(၂၀.၉၆၅)ကီလိုမီတာ၊ အမာခံ လမ်းခင်းခြင်း(၀.၂၂)ကီလိုမီတာ၊ (၅၀) ပေအောက်တံတား(၁)စင်း၊ Box Culvert /တံတားငယ် အသစ်(၁၇) စင်း၊ Box Culvert/ တံတားတိုးချဲ့(၅၅)စင်း၊ ကျောက်စီ/အုတ်စီရေမြောင်း(၂၂၅၁)မီတာ၊ ကျောက်စီ မြေကာ နံရံတည်ဆောက်ခြင်း(၁၉၂)မီတာ၊ လမ်းအန္တရာယ် အသိ ပေး/သတိပေးဆိုင်းဘုတ် စိုက်ထူခြင်း (၁၆၃)ခုတို့ကို ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်းပေါင်း (၁၆၀၀၀) ကျော်ဖြင့် ဆောင်ရွက်ခဲ့ ကြောင်း လမ်းဦးစီးဌာနမှ သိရှိရသည်။
မြိတ်ခရိုင်အတွင်း လမ်းဦးစီးဌာနမှ လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းအသစ်ခင်းခြင်း၊ လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ သည့် လမ်းများကို အသုံးပြုကာ ဒေသတစ်ခုနှင့်တစ်ခု လွယ်ကူလျင်မြန်စွာသွားလာ နိုင်ပြီဖြစ်သည့် အတွက် ဒေသခံများမှ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေခြင်း၊ ဒေသထွက်ကုန်များကို အချိန်တိုအတွင်း သယ်ယူပို့ ဆောင်နိုင်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်လာနိုင်မည်ဖြစ်ကာ နယ်မြေဒေသအားလုံး ယခင်ကထက် စီးပွားရေး၊ လူမှုရေး အပါအဝင် ဘက်စုံမျှတစွာ ဖွံ့ဖြိုး တိုးတက် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )