နမ့်ခမ်း သြဂုတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ အသက်(၆)လမှ (၅)နှစ်အောက်အရွယ်ရှိ ကလေးသူငယ်များအား မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းများကို နမ့်ခမ်းမြို့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး သြဂုတ်လ၊ ပထမပတ်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များက ဆောင်ရွက်လျက် ရှိသည်။
“ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက (၆)လတစ်ကြိမ် လာရောက်ပြီး ဆေးတိုက်ကျွေးပါတယ်၊ အသက်(၅)နှစ် အောက်ကလေးအရွယ်တွေကို မျက်စိအားဆေး ဗီတာမင်အေကို (၆)လတစ်ကြိမ် ပုံမှန်တိုက်ကျွေးခြင်းအားဖြင့် အသက်ကြီးလာတဲ့အချိန်ကျရင် မျက်စိကြက်မျက်စိသင့်ခြင်း၊ မျက်သားဖြူ ခြောက်သွေ့ခြင်း၊ မျက်ဖြူသားခြောက်သွေ့ပြီး အဖြူဖတ်ပေါ်ခြင်း၊ မျက်ကြည်လွှာခြောက်သွေ့မှုန်မှိုင်းခြင်း၊ မျက်ကြည်လွှာပျော့ရွဲခြင်း/အနာဖြစ်ခြင်း၊ မျက်ကြည်လွှာ အမာရွတ် (အပြင်တိမ်)ဖြစ်ခြင်း စတဲ့မျက်စိနဲ့ပတ်သက်တဲ့ ရောဂါများဖြစ်ပွားမှုတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ အသက်(၅)နှစ် အောက်ရှိတဲ့ ကလေးမိဘတွေအနေနဲ့ မပျက်မကွက်ဘဲ ကလေးတွေကို လာရောက်ပြီး ဆေးတိုက်ကျွေးကြဖို့ ပြောချင်ပါတယ်”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ဂျာခေါန်က ကလေးမိဘများသိရှိသင့်သော ကျန်းမာရေးဆိုင်ရာ များကို ရှင်းလင်းပြောကြားသည်။
ပြည်သူ့ကျန်းရေးဦးစီးဌာနမှ သြဂုတ်လကို အာဟာရလအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ အသက်(၆)လမှ (၅)နှစ် အောက် အရွယ်ရှိ ကလေးများကို မျက်စိအားဆေး ဗီတာမင်အေနှင့်သန်ချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။ ကလေးသူငယ်များအား မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းများကို နမ့်ခမ်းမြို့ ၊ အမှတ်(၉)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ချယ်ရီခန်းမ၌ စုရပ်နေရာထားရှိပြီး ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန် က ရပ်ကွက်အတွင်းရှိ ကလေးငယ်များ(၂၀၀)ဦးခန့်တို့အား ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ဆိုင်ထွန်း(နမ့်ခမ်း ပြန်/ဆက်)