မိုးမိတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော အသက် (၁၈)နှစ်အထက် ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာ၌ ကျန်းမာရေးဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းဝင်များက ကိုဗစ်ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏာတိုင်းတာခြင်း၊ အပူချိန်တိုင်းတာ ခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
“အခုထိုးတဲ့ဆေးကတော့ တစ်လုံးလျှင် လူ (၅) ဦး ထိုးနှံပေးရပြီး အသက် ၁၈ နှစ်နှင့် အထက်မှစတင်၍ အကုန်လုံးကို ထိုးနှံပေးသွားမှာဖြစ်ကြောင်းနှင့် ဒေသခံမိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာရရှိစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ကပြောသည်။
မိုးမိတ်သား (ခရိုင်ပြန်/ဆက်)