ကျိုင်းတုံ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသက် ၅၅ နှစ် မှ ၆၄ နှစ်ကြား ပြည်သူများ၊ မသန်စွမ်းသူများ၊ Ethnic Armed Organizaton(EAO)များ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆီနိုဖန်း ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၄ ရက် (ယနေ့)တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ဆေးထိုးစုရပ် နေရာ(၅)ခု၌ တာဝန်ရှိသူများက ထိုးနှံပေးသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ဆီနိုဖန်း ထိုးနှံပေးနေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များအတွက် လူဦးရေ ၃၀၀၀၀ ကျော် ထိုးနှံနိုင်သည့် ဆီနိုဖန်း ကာကွယ်ဆေးများ စက်တင်ဘာ ၂၁ ရက်က ရောက်ရှိခဲ့သည်။ ကျိုင်းတုံမြို့နယ်အတွက် လူဦးရေ ၆၆၉၀ ဦးထိုးနှံရန် ခွဲဝေရရှိခဲ့ရာ ယမန်နေ့အထိ လူဦးရေ ၄၀၃၀ဦး ထိုးနှံပြီးကြောင်းသိရပြီး ထိုးနှံရန် ကျန်ရှိသူများအား တာဝန်ရှိသူများက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)