မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူများ၏ ရင်တွင်းစကားသံ

မြဝတီ စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန် လာသူများ၏ စကားသံ များကိုလည်း ပြန်လည်မျှဝေ ဖော်ပြအပ်ပါသည်။

ဦးဌေးဝင်း(မဲကနယ်တိုးချဲ့ရပ်ကွက်သစ်၊မြဝတီမြို့)

ကျွန်တော်က ဩဂုတ်လ(၁)ရက်နေ့က ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ပြီးပြန်လာတယ်။ မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှာ ထိုင်းနိုင်ငံမှပြန်လာတဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးကြတယ်။ စစ်ဆေးတဲ့အခါမှာ ကျွန်တော်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့တယ်ဆိုတော့ မြဝတီမြို့ မဲကနယ်တိုးချဲ့ရပ်ကွက်သစ်မှာ ဖွင့်ထားတဲ့ ကိုဗစ်ကုသရေး စင်တာမှာ သွားနေလိုက်ရတယ်။

 

ကိုဗစ်ကုသရေးစင်တာရောက်ပြီး (၂)ရက်(၃)ရက်ကြာတော အရင်ဆုံးဖျားတယ်၊ချောင်းဆိုးတယ်၊ ကိုယ်လက် တွေနာတယ်။ နောက်ရက်ကျတော့အနံ့မရတော့ဘူးဖြစ်တယ်။ကျန်းမာရေးအပိုင်းကိုတော့ ကိုဗစ်ကုသရေးစင်တာမှာရှိတဲ့ တာဝန်ရှိသူတွေပြောတဲ့ အတိုင်း ဂရုစိုက်နေတယ်။ အသက်ရှူလေ့ကျင့် ခန်းပုံမှန်လုပ်တယ်၊ အစားကို ဝင်အောင်စားတယ်၊ ရေ များများသောက်တယ်။ လိုအပ်တဲ့ ဆေးဝါးတွေကို စင် တာမှာ အခမဲ့ပေးပါတယ် အကုန်ကူညီစောင့်ရှောက်ပေးတယ်။

 

ဆေးကုသမှုခံယူနေချိန်မှာလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို စနစ်တကျ လိုက်နာပါတယ်၊ ကိုဗစ်ကုသရေး စင်တာမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေတိုက်တဲ့ဆေးကိုလည်း စနစ်တကျ အချိန်မှန် သောက်ခဲ့ပါတယ်။ ကျွန်တော်က ကိုဗစ်ကုသရေးစင်တာမှာ (၁၀) ရက် ဆေးကုသမှုခံယူပြီး အိမ်မှာ Stay Home (၇) ရက် နေထိုင်ခဲ့ပါတယ်၊ မိဘ ပြည်သူများအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေဖို့ အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြဖို့၊ လက်ကို မကြာခဏ ဆေးကြောကြဖို့၊ လူထပ်သော နေရာများကို ရှောင်ကြဉ်ကြဖို့၊ အာဟာရ ဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြဖို့၊အိပ်ရေးဝအောင်အိပ်ကြဖို့၊ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးဖိုးကြဖို့လည်း တိုက်တွန်း အပ်ပါတယ်။

ဒေါ်အိသဇင်မင်းထွန်း(အမှတ်(၂)ရပ်ကွက်ကျွန်းတော ၊ရှင်းရွှေလီ(၁)လမ်း၊မြဝတီမြို့)

 

ကျွန်မကတော့ ကိုဗစ်-၁၉ ရောဂါ မဖြစ်မီ (၃) ရက်ဆက်တိုက် ညနေပိုင်းမှာ ဆိုရင် ဖျားတယ်၊(၄) ရက်မြောက်နေ့ကျ အပြင်းအထန် ဖျားပြီးတော့ (၅) ရက်မြောက်နေ့ကျတော့ အနံ့လည်းပျောက်သွားတယ်၊ အရသာလည်း ပျောက်သွားတာနဲ့ ချက်ခြင်း ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုက်တဲ့ အချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိတဲ့အတွက်ကြောင့်  မြဝတီမြို့ မဲကနယ်တိုးချဲ့ရပ်ကွက် သစ်မှာဖွင့်ထားတဲ့ ကိုဗစ်ကုသရေးစင်တာမှာဘဲ (၁၀) ရက် ဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်မှာ အရသာ ပျောက်သွားတဲ့အတွက် အစား လုံးဝ စားလို့မရပါဘူး၊ ဒါပေမယ့် ကိုယ်ကိုတိုင်က  ကိုဗစ်-၁၉ ရောဂါပျောက်ကင်းချင်တဲ့အတွက် အစားကိုဝင်အောင် သေချာစားပါတယ်၊ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ်၊ ကိုဗစ်စင်တာမှာရှိတဲ့ စေနာ့ဝန်ထမ်းများကလည်း ဆေးကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာများကိုလည်း မနက်တစ်ကြိမ် ညနေ တစ်ကြိမ် Pressure တိုင်း ပေးတယ်၊ အဖျားတိုင်းပေးတယ်၊ မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့ မှာချင်တာက အချိန်မှန် အိပ်ပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါ ကိုဗစ် -၁၉ ရောဂါ သံသယ လက္ခဏာဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေး ကုသမှု ခံယူကြဖို့ တိုက်တွန်းအပ်ပါတယ်။

 

 မြဝတီမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ပေါ် ရပ်ကွက်/ ကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ အပါအဝင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

  မန်းသန်းရွှေမြင့်(ပြန်/ဆက်)