မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်ပတ်သက်၍ ပြည်သူ လူထုအား အသိပေးခြင်း ဆောင်ရွက်

ငါန်းဇွန်  စက်တင်ဘာ ၂၄

 

မန္တလေတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ နှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပေးခြင်းကို Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက် များအတွင်း လှည့်လည်အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှည့်လည်အသိပေးဆောင်ရွက်ရာတွင် “ နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် NUG ၊ CRPH ၊ PDF စသည့်အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် သတ်မှတ်ကြေညာခဲပြီး ဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်း ပြည်သူပိုင်အ ဆောက်အဦများအား အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို NUG ၊ CRPH နှင့် PDF အကြမ်းဖက်အုပ်စုများမှ လုပ်ဆောင်လျက ရှိကြောင်း တွေ့ရှိရပါသည်။

 

အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြေညာထားသော NUG ၊ CRPH ၊ PDF စသည့် အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ပါဝင်ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အကြမ်းဖက်အုပ်စု အကြမ်းဖက်လုပ်ငန်းများကို အားပေးကူညီ ခြင်း၊ လူမှု ကွန်ယက်နှင့် အခြားနည်းများဖြင့် လှုံ့ဆောင်ဝါဒဖြန့်ခြင်း၊ ကြံရာပါအဖြစ်ပါဝင် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန် စည်းရုံးသိမ်းသွင်းခြင်း၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကို လွတ်မြောက်စေရန်ထိမ်ချန်ခြင်း၊ ခိုလှုံပုန်း အောင်ခွင့်ပေးခြင်း၊ မိမိပိုင်အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြု ခွင့်ပေးခြင်း၊ အကြမ်းဖက်အုပ်စုအား ငွေကြေးနှင့်ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့သည် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဉပဒေကို ကျူးလွန်ချိုးဖောက်ရာရောက်ပါသည်။

 

အကြမ်းဖက်အုပ်စုတွင်ပါဝင်ခြင်း၊ အားပေးကူညီခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ အကြမ်းဖက်အုပ်စု(သို့မဟုတ်)အကြမ်းဖက်သူများအား ငွေကြေးနှင့် ပစ္စည်းများထောက်ပံ့ခြင်းတို့ဖြင့် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေကို ကျူးလွန်ပါက အကြမ်းဖက်အုပ်စုဝင်နှင့် အကြမ်းဖက်အုပ်စုအား အားပေးကူညီ သူတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၂)အရ ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်ခြင်းခံရမည့် အပြင် ပုဒ်မ(၅၆)အရ အကြမ်းဖက်အုပ်စုဝင်နှင့် အကြမ်းဖက်အုပ်စု အား အားပေးကူညီသူ ငွေကြေးပစ္စည်း များထောက်ပံ့သူတို့၏ ငွေကြေးပစ္စည်း ပိုင်ဆိုင်မှုများ၊ ဘဏ်အပ်နှံငွေများ အိုးအိမ်အဆောက်အဉီများ စီးပွား ရေးလုပ်ငန်း များအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်း ခံရမည်ဖြစ်ကြောင်း ကြိုတင်အသိပေး ကြေညာ အပ်ပါသည်။

 

သို့ပါ၍ မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်း NUG ၊ CRPH နှင့် PDF အဖွဲ့များနှင့် ဆက်စပ် ပတ်သက်သူများ လာရောက်တည်းခိုနေထိုင်ပါက သက်ဆိုင်ရာသို့ သတင်းပေး တိုင်တန်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။”ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်များနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဆုံများ၌ Hand Speaker ဖြင့် လှည့်လည် အသိပေးကြေညာခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

         

သက်နောင်ဦး(ငါန်းဇွန်)