မိုင်းဆတ်မြို့၌ စေတနာ့ဝန်ထမ်းများ(Volunteer)လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းဖွင့်လှစ်

မိုင်းဆတ် စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စေတနာ့ဝန်ထမ်းများ(Volunteer)လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါသည် ကာလတစ်ခုအထိကြာမြှင့်နိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများကို အခြေခံအချက်အလက်များသိရှိနိုင်ရန်နှင့် ထိရောက်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စေတနာ့ဝန်ထမ်းသင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချသည့် ဘာသာရပ်များအား ကောင်းစွာသင်ယူသွားစေလိုကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် သင်တန်းသား/သူများဖြင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းနည်းပြ(၃)ဦးဖြင့် ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများအသုံးပြုခြင်းနှင့် ကိုင်တွယ်နည်း၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း၊ စေတနာ့ဝန်ထမ်းများတာဝန်နှင့် လုပ်ငန်းလမ်းညွှန်၊ လိုက်နာရမည့် စည်းကမ်းများနှင့်ပြောဆို ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာကျွမ်းကျင်မှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ စသည့်ဘာသာရပ်များကို သင်တန်းသား/သူ(၃၀)ဦးအား တစ်ရက် တာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)