တာချီလိတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) နှင့် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်ဝင်လာကြသည့်ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများမှ နေရပ်ပြန် ပြည်သူ(၁၆၈)ဉီးအား ကိုဗစ်-၁၉ရောဂါ ပိုးကင်းစင်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ မော်တော်ယာဉ်များဖြင့် ယမန်နေ့က ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများသည် စက်တင်ဘာလ (၁၈)ရက်နေ့က လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံများမှ လွှဲပြောင်းပေးလာသည့် နေရပ်ပြန်ပြည်သူများဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာတွင် အသွားအလာကန်သတ် စောင့်ကြည့် ထား၍ တတိယမြောက်နေ့တွင် နှာခေါင်းနှင့်အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများရယူကာ တောင်ကြီးမြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ် ပြည်ပြည်သူ (၆၄)ဉီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပိုးတွေ့ရှိသူများကို ဝမ်လုံးကုသရေးစင်တာတွင် ဆက်လက်၍ သီးခြားထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ နှစ်ကြိမ်မြောက် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ကိုဗစ်-၁၉ရောဂါ ပိုးကင်းစင် သူအမျိုးသား(၁၁၇)ဉီးနှင့် အမျိုးသမီး(၅၁)ဉီး စုစုပေါင်း(၁၆၈)ဉီးအား စစ်ဗျူဟာ အဖွဲ့(အခြေချ) တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ တာချီလိတ်မြို့ရှိ ပြည်ပရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများစီစစ်လက်ခံရေးနှင့်နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးတင်ဉီးကျော်နှင့် တာဝန်ရှိသူများက နေရပ်ပြန်ပြည်သူများကို အစားအသောက်များဝေငှပေးခြင်း နှင့်လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် မော်တော်ယာဉ်များစီစဉ်ပေးပြီး အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။
ယာဆေး(ပြန်/ဆက်)